Wednesday, January 20, 2016

ပအိုဝ်းစာပေနှင့်ဘာသာစကား ပြောဆိုသုံးနှုန်းခြင်း၏ စိန်ခေါ်မှု

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၁) ရက်


လက်ရှိပအိုဝ်းလူမျိုးများ နေထိုင်ရာဒေသများသည် ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ နောင်တရား၊ ကလော၊ ရွာငံ၊ ပင်းတယ၊ ရပ်စောက်၊ ညောင်ရွှေ၊ ကျောက်တလုံးကြီး၊ လွိုင်လင်၊ ပင်လုံ၊ မောက်မယ်၊ နမ့်စန်၊ လင်းခေးနှင့် မိုင်းပန်မြို့နယ် များတွင်နေထိုင်သကဲ့သို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့်ကယားပြည်နယ် တို့တွင်လည်း များစွာပျံ့နှံ့နေထိုင်ကြပါသည်။
ထိုသို့ နေထိုင်ပြီး တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ မောက်မယ်မြို့နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲနှင့် နမ့်စန်မြို့နယ်များတွင် ပအိုဝ်း ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုသောဒေသများဖြစ်ကြပါသည်။ အထက်ပါဒေသ များတွင် ပအိုဝ်းလူမျိုးမဟုတ်သော်လည်း ပအိုဝ်းဘာသာစကားကိုပြောဆိုကြသည့် လူမျိုးများ လည်းရှိပါသည်။



 ကျန်သည့်ဒေသများတွင် ပအိုဝ်းဘာသာစကားကို အနည်းကျဉ်းသာပြောဆို ကြသည်။
ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင်လည်း ပအိုဝ်းဘာသာ စကားကို များစွာပြောဆိုကြပါသည်။ သို့သော် နေရာဒေသအလိုက် နေထိုင်မှုများကြောင့် ပြောပုံပြောနည်းနှင့် အသံအနေအထားသည် အနည်းကျဉ်းကွဲပြားမှုရှိသော်လည်း အပြန်အလှန် နားလည်နိုင်ကြပါသည်။ မြန်မာ့အက္ခရာ အသံ(tone)သည် (၃)မျိုး(က    ကာ    ကား)စသည် ဖြင့်ရှိသကဲ့သို့ ပအိုဝ်းအက္ခရာတွင်လည်း အသံ(tone)(၆)မျိုး (က    က,   ကာ    ကာ,   ကား    ကာ;) စသည်တို့ရှိပါသည်။
ပအိုဝ်းလူမျိုးအများစုသည် ပအိုဝ်းဘာသာစကားကို နေ့စဉ်သုံးဘာသာစကားအဖြစ် အသုံးပြုမှုသည် တဖြေးဖြေးကျဆင်းလာသည်ကို အချက်(၂)ချက်ဖြင့် တွေ့ရှိရပါသည်။ ပထမ အချက်အနေဖြင့် မြို့ပြတွင် သွားရောက်ပညာသင်ယူနေကြသည့် ခေတ်ပညာတတ်ပအိုဝ်း လူငယ်များတချို့က ဘွဲ့ရပညာတတ်ဖြစ်လာပြီး မိမိဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ မိခင် ဘာသာစကားကို ပြောဆိုအသုံးပြုမှုမရှိတော့ဘဲ အခြားဘာသာစကားကိုသာ အသုံးပြုပြောဆို ခြင်းကြောင့်ဖြစ်သည်။



ဒုတိယအချက်အနေဖြင့် မြို့ပြတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများနှင့် ကျေးလက်မှ မြို့ပြသို့ပြောင်းရွှေ့နေထိုင်ကြသည့် ပအိုဝ်းလူမျိုးများသည် ပအိုဝ်းလူမျိုးဖြစ်သော်လည်း ပအိုဝ်း ဘာသာစကားပြောဆိုအသုံးပြုမှု မရှိသလောက်နည်းပါးလာသည့်အပြင် သားသမီးများကို သွန်သင်ဆုံးမရာတွင်လည်း မိခင်ဘာသာစကားဖြင့် ပြောဆိုသုံးနှုန်းမှုမရှိခြင်းကြောင့် သော်လည်းကောင်း၊ သားသမီးများအား ပအိုဝ်းဘာသာစကားနှင့် ပအိုဝ်းစာပေများကို သင်ကြားရန် အားပေးမှုမရှိဘဲ အခြားဘာသာစကားများကိုသာ အားပေးသောကြောင့်ဖြစ်သည်။
မြို့ပြတွင်ပညာသွားရောက်သင်ယူနေကြသည့် ပအိုဝ်းလူငယ်များနှင့် မြို့ပြတွင်နေထိုင် ကြသည့် ပအိုဝ်းများသည် မိခင်ဘာသာစကားထက် မြန်မာဘာသာစကားကို ပိုမိုပြောဆိုခြင်း ကြောင့် တချို့သောပအိုဝ်းများသည် ဖားတစ်ပိုင်း ငါးတစ်ပိုင်း  ဖြစ်လာကြသည်ကိုလည်း တွေ့ရှိရသည်။
( ဥပမာ-နားမလည်လို့ ပြန်ပြောပေးပါ ကို နားတလည်တောဝ်း ပြန်ဒေါ့,ယင်းမွိုင် ၊  ချယ်ရီပင် နီလမ်းငါ နီဖါခုတ်လဲ နီမွိုးဝမ်းနည်း )
ယနေ့ခေတ်ပအိုဝ်းလူငယ်လူရွယ်များသည် များသောအားဖြင့် ပအိုဝ်းဘာသာစကားကို ပြောဆိုတတ်ကြသော်လည်း ပအိုဝ်းစာပေဝေါဟာရ ရေးသားနိုင်မှု အလွန်နည်းပါးသည်ကို တွေ့ရှိရပါသည်။ လူမျိုးတစ်မျိုး၏ အသက်သွေးကြောသည် စာပေနှင့်ယဉ်ကျေးမှုပင်ဖြစ်ပါ သည်။ မိခင်ဘာသာစကားပြောဆိုနိုင်မှုမရှိခြင်း၊ မိမိတို့၏ လူမျိုးဘာသာစာပေတတ်မြောက်မှု မရှိခြင်းတို့သည် လူမျိုးမှေးမိန်ပျောက်ကွယ်စေသည့် အကြောင်းတရားတစ်ရပ်ပင်ဖြစ်ပါသည်။ မျိုးဆက်သစ်ပအိုဝ်းလူငယ်များလည်း မိမိဘ၀တိုးတက်အောင် ပညာသင်ကြားရန်နှင့် တခြား ဘာသာစကားများကို လေ့လာသင်ယူသင့်သကဲ့သို့ မိခင်ဘာသာစကား၊ လူမျိုးဘာသာစာပေ လည်း လေ့လာသင်ယူတတ်မြောက်ပြီး ပြောဆိုအသုံးပြုရန် အလွန်အရေးပါသည်။
အထူးသဖြင့် ပအိုဝ်းတို့နှင့်သက်ဆိုင်သည့် ပအိုဝ်းအမျိုးသားနေ့၊ ပအိုဝ်းတော်လှန်ရေးနေ့၊ ပအိုဝ်းအာဇာနည်နေ့တို့အပြင် အခြားရိုးရာပွဲတော်အခမ်းအနားများတွင်လည်းကောင်း၊ ပအိုဝ်း ရေးရာတွေ့ဆုံဆွေးနွေးပွဲများတွင်လည်းကောင်း၊ ပအိုဝ်းရေးရာအစည်းအဝေးများတွင် လည်း ကောင်း၊ ပအိုဝ်းလူမျိုးအချင်းချင်းတွေ့ဆုံရာတွင်လည်းကောင်း၊ ပအိုဝ်းစာပေဘာသာစကားဖြင့် ပြောဆိုအသုံးပြုမှု မြှင့်တင်ရန် လိုအပ်ပါသည်။
မျိုးဆက်သစ်ပအိုဝ်းလူငယ်များ၏ အမည်နာမ (ကင်ပွန်းတပ်) ခေါ်ဆိုရာနှင့် ကျေးရွာ အမည်များကို ရေးသားခေါ်ဆိုရာတွင် ပအိုဝ်းအခေါ်အဝေါ်များ၊ ပအိုဝ်းစာပေနှင့် ဘာသာစကား ဖြင့် ရေးသားအသုံးပြုခေါ်ဝေါ်ကြရန် အထူးလိုအပ်လှပါသည်။ ပအိုဝ်းလူမျိုးဖြစ်ပြီး ပအိုဝ်းစာပေနှင့် ဘာသာစကားများကို ခေါ်ဝေါ်ပြောဆိုအသုံးပြုမှု အားနည်းခြင်းသည် စာပေနှင့်ယဉ်ကျေးမှုကို ပျောက်ကွယ်စေခြင်း၊ လူမျိုးသမိုင်းကို ပျောက်ကွယ်စေခြင်း ဖြစ်သောကြောင့် လူမျိုးပျောက် ကွယ်အောင် အားပေးအားမြောက်ရာ ရောက်စေပါသည်။
ပအိုဝ်းလူမျိုးများသည် မည်သည့်နေရာဒေသများတွင် နေထိုင်သည်ဖြစ်စေ၊ မည့်သည် အတတ်ပညာမျိုးတတ်မြောက်ကျွမ်းကျင်သည်ဖြစ်စေ မိမိတို့၏ စာပေယဉ်ကျေးမှုနှင့်ဘာသာ စကားကို ရေးသားပြောဆိုအသုံးပြုရန် မမေ့အပ်ပေ။ သို့မှသာ ပအိုဝ်းစာပေနှင့်ဘာသာစကား ပြောဆိုသုံးနှုန်းခြင်း၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ပြီး လူမျိုးပျောက်ကွယ်မည့်အန္တရာယ် များကို ကာကွယ်နိုင်လိမ့်မည် ထင်မြင်သုံးသပ်မိပါသည်။
 
ခွန်အာခမ်း(စန္တာ;ဟေ့,)
Powered by Blogger.