Thursday, May 26, 2016

အခွင့်အရေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၇) ရက်


မြန်မာစကားတွင် “မသိသူကျော်သွားသိသူဖော်စား” ဟူသောစကားတစ်ခုရှိသည်။ ယင်းစကားသည် ရိုးလွန်းနေပြီဖြစ်သော်လည်း ယနေ့တိုင် တစ်ချို့လူအတွက် သတ်သေချင်စိတ် ပေါက်လောက်သည်အထိ တိုက်ရိုက်ကြီး မှန်ကန်နေဆဲ ဖြစ်သည်။
နေရာတိုင်းတွင် အခွင့်အရေးရှိသည်။ ယနေ့ကမ္ဘာတွင် လူဦးရေအဆမတန် တိုးပွားလာသည်နှင့်အမျှ ပြိုင်ဆိုင်မှုများလည်း ယခင်ကထက်တိုးပွားပြင်းထန်လာကာ အခွင့်အရေးဆိုသောအရာသည်လည်း ၎င်းတို့၏ပတ်ဝန်းကျင်တွင် အခြေတည်လျက်ရှိနေသည်။ အခွင့်အရေးသည် သိပ္ပံတီထွင်မှုလောက၌သာ မဟုတ် အခြားနယ်ပယ်ပေါင်းစုံ၌ပင် အနှံ့အပြားတည်ရှိနေသည်။ သို့သော် အခွင့်အရေးသည် အပြင်တွင် အထင်အရှား စာတန်းထိုးမထားသဖြင့် မျက်စိရှိသူတိုင်းမမြင်ရပါ။ မိမိဘ၀အတွက် တိုးတက်ရာတိုးတက် ကြောင်း အောင်မြင်ရာအောင်မြင်ကြောင်းကို မပြတ်စဉ်းစားနေသူများသာ မြင်ရတွေ့ရသည်။ ထိုသူသာလျှင် မည်သည့်အရာသည် တိုးတက်ရေးလမ်းစ မည်သည့်အရာသည် အောင်မြင်ရေးတခါးဝ ဆိုသည်ကို မြင်ကြသည်။ အချို့အခွင့်အရေးများသည် အတော်လေးကျော်သွားပြီး နောက်ထပ်တစ်ဦးတစ်ယောက်နှင့် စကားပြောနေသည်ကိုမြင်မှ " ဟာ အဲဒါအခွင့်အရေးပဲကို ငါမမှတ်မိလို့ နှုတ်မဆက်လိုက်ရဘူး " ဆိုပြီး နောင်တရလည်း ထိုအခွင့်အရေးက ဆုံးရှုံးခဲ့ပြီဖြစ်သည်။ နောက်ကျခဲ့ပြီဖြစ်သည်။
တခါတရံ လူတို့သည် ကလေးများနှင့် တူလေသည်။ ကလေးသည် မိမိလက်ထဲရှိ ကစားစရာကို ကောင်းသည်မထင်။ အခြားသော ကလေးများလက်ထဲရှိ ကစားစရာကိုသာ လိုချင်ကြသည်။ ကျွန်ုပ်တို့သည်လည်း ထိုနည်းလည်းကောင်းပင် ကိုယ်လက်ငင်းရယူနိုင်သည့်အရာကို အကောင်းမမြင်၊ သူတစ်ပါး၏ အနေအထား သူတစ်ပါးလုပ်ကိုင်နိုင်ခွင့်ရှိနေသည့်အရာကိုပင် ချို့ယွင်းချက်များ၊ အားနည်းချက်များမမြင် အကောင်းများသာ မြင်ကြသည်။ ရှေ့နေ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ သူဌေးကြီး အဆင့်ရောက်နေသူများသာ မဟုတ် ရုံးတွင် စာစီစာရိုက်လုပ်သူ၊ ဈေးဆိုင်တွင် အကူလုပ်သားလုပ်နေရသူ သာမာန်အောက်ခြေလူသား အလုပ် လုပ်နေရသူ စသည့်ပုဂ္ဂိုလ်များလည်း အောက်ခြေလှေကားထစ်မှသည် ထိပ်ဆုံးအဆင့်ထိ တက်သွားနိုင်သည့် အခွင့်အရေးကိုယ်စီရှိကြသည်။
ယနေ့အောက်ခြေလုပ်သား မနက်ဖြန်ကုမ္ပဏီအကြီးအကဲဟူ၍ ပြောင်းလဲသွားသည်မှာ မရှိသလောက်ရှားသည်။    သို့သော် အခွင့်အရေးလမ်းစ ရှိသမျှကို တစ်ခုချင်း၊ တစ်ထစ်ချင်း ရယူတက်လှမ်း သွားမည်ဆိုလျှင် နောင်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာသည့်အခါ မိမိစတင်လုပ်ခဲ့သည့် လုပ်ငန်းတွင် လည်းကောင်း အခြားလုပ်ငန်းတူ ကုမ္ပဏီတစ်ခု၌လည်းကောင်း အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်ပေသည်။ မိမိပတ်ဝန်းကျင်တွင် ထိုသို့တက်လှမ်းအောင်မြင်နေသူပေါင်းလည်း မရေတွက်နိုင်အောင်ပင် ရှိပါသည်။
အခွင့်အရေးရှိမရှိဟူသည် ရယူသူအပေါ်၌သာ မူတည်သည်။ အချို့လူများတွင် အခွင့်အရေးများ အထုပ်လိုက်အပိုးလိုက် ဆိုက်ရောက်လာမည့်အချိန်ကို စောင့်မျှော်ရင်း အိုမင်းသွားကြရသည်။ ထိုလူများအား သူတို့မျှော်လင့်စောင့်စားနေသည့် အခွင့်အရေးဟူသည် မည်သည့်အခွင့်အရေးမျိုးနည်း၊ မည်သည့် ပုံစံမျိုးနှင့်လာမည်နည်းဟု မေးကြည့်လျှင် ရေရေရာရာ ဖြေနိုင်လေ့မရှိပေ။ အကြောင်းကား သူတို့သည် မည်သည့်အရာတွင်မျှ သေသေချာချာစိတ်ဝင်စားမှုမရှိသောကြောင့် ဖြစ်သည်။ မိမိစိတ်ဝင်စားသော အရာ၌သာ ၀င်ရောက်လုပ်ကိုင်ခွင့် ကြီးပွားတိုးတက်အောင်စွမ်းဆောင်ခွင့် လမ်းစများကို တွေ့မြင်တတ်စမြဲဖြစ်သည်။
သိပ္ပံပညာ၌စိတ်ဝင်စားသူတို့သည်သာ သိပ္ပံဆိုင်ရာ တီထွင်မှုများပြုလုပ်ရန် အခွင့်အလမ်းကို မြင်ကြသည်။ စီးပွားရေးလုပ်ငန်း စိတ်ဝင်စားသူများသည် ကြီးပွားအောင် ကြံဆောင်ရန်အခွင့်အရေးကို တွေ့ကြရသည်။ အလားတူပင် မိမိရောက်ရှိနေသည့် လုပ်ငန်းဌာန၏ ကိစ္စအ၀၀ကို စိတ်ဝင်စားမှု ထက်သန်သူ များသည်သာ ၎င်းလုပ်ငန်းဌာန၌ အကြီးအကဲဖြစ်သည်အထိ တိုးတက်ရန် လမ်းစများကို တွေ့ရှိနိုင်ကြမည်ဖြစ်သည်။
လတ်တလောအမြင်၌ သာမာန်ဟု ထင်ရသောအလုပ်များကို ပေါ့ပေါ့မထင်ဘဲ လေးလေးစားစား ဆောင်ရွက်သည့်အခါ ယင်းသည်ပင်လျှင် အခွင့်အရေးဖြစ်လာတတ်လေသည်။ လုပ်သမျှအလုပ်များ အားလုံးကို အရေးကြီးသည်ဟုသတ်မှတ်ကာ ကြိုးစားလုပ်ဆောင်သင့်သည်။ ပြီးစလွယ်နှင့် မြန်မြန်လုပ်ပါက အလုပ်သာ မြန်မြန်ပြီးသွားမည်၊ လိုချင်သည့်ပန်းတိုင်၊ လိုချင်သည့်အရည်အသွေးများ ရောက်ရှိနိုင်မည် မဟုတ်ပါ။ ပေါ့ပေါ့နေပေါ့ပေါ့စား နေသွားပါက အသုံးမကျသူ၊ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသူ ဖြစ် သွားနိုင်သည်။
သို့အတွက်ကြောင့် ယနေ့ခေတ်လူကြီးလူငယ်များအနေဖြင့် မည်သည့်အရာတွင်မဆို လုပ်ဆောင် မည်ဆိုပါက ပေါ့ပေါ့တန်တန်လုပ်ဆောင်ခြင်းမျိုးမဟုတ်ပဲ ကိုယ်ရောစိတ်ပါနစ်ပြီး လုပ်ဆောင်သွားရန်လို အပ်ပါသည်။ သို့မှသာ မိမိလိုချင်သော မိမိရောက်ရှိလိုသော ပန်းတိုင်သို့ရောက်ရှိနိုင်ပါမည်၊ လိုချင်သော အခွင့်အရေးများလည်း ရရှိလာနိုင်မည်၊ ရရှိလာသောအခွင့်အရေးများကိုလည်း အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

ခွန်ရှိုင်းကို




ကျွန်ုပ်တို့စားသောအစားအစာနှင့်ကျန်းမာရေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၇) ရက်


အာဟာရကို ကျွန်ုပ်တို့နေ့စဉ်မှီဝဲစားသုံးသော အစာမှရရှိသည်။ အစာတွင်ကျွန်ုပ်တို့အတွက် အာဟာရတန်ဖိုးများစွာပါသောအစာ၊ အာဟာရတန်ဖိုးမဖြစ်သောအစာနှင့် အာဟာရမဖြစ်ဘဲ ဥပဒ်ဖြစ်စေသော အဆိပ်ကဲ့သို့ အစာဟူ၍အမျိုးမျိုးရှိသည်။ လူသားတို့ရွေးချယ်စားသုံးသောအစာတွင် လူသားတို့အတွက် လိုအပ်သောအာဟာရတန်ဖိုးလုံလောက်စွာ ရွေးချယ်စားသုံးတတ်ရန် အရေးကြီးပေသည်။ အစာမှ အာဟာရတန်ဖိုးမျှတစွာမရရှိပါက ကျန်းမာရေးချို့တဲ့၍ ဆေးဝါးများမှီဝဲကြရသည်။  ထို့ကြောင့် အစာမှ လူသားအတွက် အာဟာရပြည့်ဝစွာပေးသော အစာများနှင့် လူသားအတွက် ကောင်းကျိုးမပေးသောအစာများကို ခွဲခြားလေ့လာရန်လိုပေမည်။
မြန်မာစကားပုံတွင် သင့်တင့်လျောက်ပတ်သော အစာကိုစားပါက ”အစာလည်းဆေး၊ ဆေးလည်းအစာ”  ဖြစ်သောကြောင့် ဆေးမှီဝဲရန်မလိုပေ။  သို့သော်အစာကို သင့်ရုံမျှမစားဘဲ အလွန် အကျွံစားပါက “တန်ဆေးလွန်ဘေး” ဟူသောစကားနှင့်အညီ ဥပဒ်ဖြစ်စေမည်။ ဓာတ်မတည့် သောအစာများကို စားမိပါက “အစားမတော်တစ်လုတ်”  ဟူသောစကားနှင့်အညီ အစာအဆိပ် သင့်ခြင်းကဲ့သို့ ဘေးဥပဒ်ကို ဖြစ်စေသည်။
ကျောက်ခေတ်လူသားတို့သည် အလေ့ကျပေါက်သော အပင်၊ သစ်သီး၊ သစ်ဥ၊ သစ်မြစ်များနှင့် အမဲလိုက်ခြင်းများမှဝမ်းစာကို ဖြေရှင်းကြရသည်ဟု သုတေသီများကရေးသားဖော်ပြထားသည်။ ဘီစီ (၅၀၀) ခန့်မှစ၍ လူတို့သည် နှံစားပြောင်းနှင့် မုယောစပါးစသော ကောက်ပဲသီးနှံများကို စတင်စိုက် ပျိုးတတ်လာကြသည်။ ရေကြောင်းခရီးဖြင့် မာကိုပိုလိုသည် ကမ္ဘာ့အရှေ့ဖျားမှ အစာနှင့် ဟင်းခတ် အမွေးအကြိုင်များကို ဥရောပသို့ သယ်ဆောင်လာခဲ့သည်။ ကိုလံဘတ်နှင့် အခြားနယ်မြေ သစ်ရှာဖွေသူ စပိန်လူမျိုးတို့သည်လည်း အာလူး၊ မြေပဲနှင့်အခြားပဲအမျိုးမျိုး၊ သီဟိုသရက်သီးစသော အစာများကို စပိန်နိုင်ငံသို့သယ်ဆောင်လာခဲ့ကြရာမှ အစာများသည် နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ပျံ့နှံ့လာခဲ့ရသည်။
ကမ္ဘာပေါ်တွင် အစာပေါင်းများစွာရှိသဖြင့် အစာတစ်ခုချင်းစီ၏ အဟာရဓာတ်ပါဝင်မှုသည် လည်း မတူကွဲပြားလျက်ရှိသည်။ သို့သော် အုပ်စုအားဖြင့် (၆)မျိုးခန့်ခွဲခြားနိုင်သည်။ ၎င်းတို့မှာ
၁။ ကာဗိုဟိုက်ဒရိတ်များ။ ။ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူးနှင့် သကြား စသော အစားအစာများဖြစ်ပြီး ၎င်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ဖြည့်ဆည်းပေးသည်။
၂။ ဆီနှင့် အဆီများ။ ။ စားသုံးဆီအမျိုးမျိုးနှင့်   ဒိန်ခဲ တို့ဖြစ်သည်။ ဤအစာမှရသော အာဟာရ သည်လည်း ခန္ဓာကိုယ်အတွက် စွမ်းအင်ကိုပေးသည်။
၃။ ပရိုတင်းများ။ ။ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် နွားနို့များမှရသော အာဟာရသည်  အသား ဓာတ်ကိုပေးစွမ်းနိုင်သောကြောင့် ခန္ဓာကိုယ်ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော အာဟာရ ဓာတ်ဖြစ်သည်။
၎။ သတ္တုဓာတ်များ။ ။ သစ်သီးအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များမှရသော အာဟာရသည် ခန္ဓာကိုယ်ကြီးထွားရေးနှင့် ပျက်စီးသွားသော တစ်ရှူးများကို ပြန်လည်ပြုပြင်ရာတွင် အဓိကလုပ် ဆောင်ပေးသည်။
၅။ ဗီတာမင်များ။ ။ ဗီတာမင်ဓာတ်ကြွယ်ဝသော အစာများမှာလည်း သစ်သီးအမျိုးမျိုးနှင့် ဟင်း သီးဟင်းရွက်များဖြစ်ပြီး ဤအာဟာရသည် ခန္ဓာကိုယ်တွင်း ဖြစ်စဉ်များကို ဟန်ချက်ညီစေရန် ပြုပြင် ထိန်းသိမ်းပေးသည်။
၆။ ရေ။ ။ သောက်ရေ၊ ဖျော်ရည်အမျိုးမျိုးအပြင် သစ်သီးအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များမှ ရေဓာတ်ကိုရရှိပြီး ခန္ဓာကိုယ်၏ ပျက်စီးသွားသော တစ်ရှူးများပြင်ဆင်ရေးနှင့် အခြားအစာများ၏ အစာ ခြေစနစ်ကို အထောက်အကူဖြစ်စေသည်။
တစ်ဖြည်းဖြည်းတိုးတက်လာသောခေတ်နှင့်အညီ လူသားတို့စားသုံးသော အစားအစာများကို လည်းနည်းမျိုးစုံဖြင့် ချက်ပြုတ်တတ်လာခြင်းနှင့် ကြာရှည်စွာ သိုလှောင်နိုင်သောနည်းများ၊ လိုအပ်သောအချိန်တွင် အချိန်တိုအတွင်း ချက်ပြုတ်နိုင်ရန် အရောင်အဆင်း၊ အနှံ့အရသာစုံလင်စွာ စီမံထားသော အသင့်စား Ready Made အစာများကို ပြုလုပ်လာ တတ်ကြသည်။ အစာများကို ထိုသို့ပြုလုပ်ခြင်းသည် မူလအစာ၏ အာဟာရဓာတ်အနိတင်ကို လျော့နည်းစေသည်။
အစာသည် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများကို ဖြည့်ဆည်းပေးသဖြင့် ကျန်းမာရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ မြန်မာစကားပုံတွင် “ထမင်းအသက်ခုနှစ်ရက်၊ ရေအသက်တစ်မနက်” ဟူ၍ အစာ၏အရေးပါပုံကို ဖော်ညွန်းထားပါသည်။ ၁၉၈၄-၈၅ ခုနှစ်တွင် အာဖရိကနိုင်ငံအချို့သည် မိုးခေါင်ခြင်း၊ ရေရှားခြင်း စသောသဘာဝဘေးဒဏ်ကြောင့် ငတ်မွတ် ခေါင်းပါးခြင်းဖြစ်ကာ ကျန်းမာရေးချို့တဲ့သော ဝေဒနာကိုခံစားကြရသည်။ လူသားတို့ခန္ဓာကိုယ်တွင် သင့်တင့်မျှတသော အာဟာရကို မရရှိပါက နောက်ဆက်တွဲ ဝေဒနာများဖြစ်စေတတ်သည်။ ဥပမာ- နာတာရှည်သွေးအားနည်းခြင်းမှတစ်ဆင့် နှလုံးအားနည်းခြင်းဝေဒနာများကို ခံစားကြရမည့်အပြင် ခုခံအားကျဆင်း၍ အခြားဝေဒနာများ အလွယ်တကူဖြစ်ပွားကာ ဘ၀နိဂုံးချုပ်ကြရသည်အထိဖြစ် နိုင်ပါသည်။
သို့သော် အချို့အစားအစာသည် “တန်ဆေးလွန်ဘေး” ဆိုသကဲ့သို့ အစာကိုလွန်ကဲစွာ စားပါက ရောဂါကိုဖိတ်ခေါ်ခြင်းပင်ဖြစ်ပေမည်။ ဥပမာ-သွေးတိုးရောဂါသည် ဆားကိုလွန်ကဲစွာစားပါက တိုက်ရိုက်ဆက်စပ်မှု၏ အကျိုးဆက်ကိုခံစားရမည်ဖြစ်သည်။ နှလုံးသွေးကြောကျဉ်းသောရောဂါကို အခြားအချက်ကြောင့်ဟုဆိုသော်လည်း အဆီအဆိမ့်များသော အစားအစာ၊ ၀က်ဆီနှင့် စားအုန်းဆီ များကိုလွန်စွာစားခြင်းနှင့်လည်း သက်ဆိုင်သည်။ အချိုကိုလွန်စွာ စားခြင်းကြောင့် ဆီးချိုရောဂါကို ဖြစ်စေမည်။ ယခုတိုးတက်နေသောခေတ်တွင် အချို့သောအစားအစာများသည် သဘာဝထက် ကျော်လွန်၍ တာရှည်ခံထိန်းသိမ်းထားနိုင်ရန်နှင့် အရောင်အဆင်းဖြင့်ဆွဲဆောင်မှုရှိစေရန် စီမံပြုလုပ် ထားသော အစားအစာများကို လွန်စွာစားသုံးပါက ယနေ့ခေတ်တွင်ခေတ်စားနေသော ကင်ဆာရောဂါ ဝေဒနာများကို ခံစားရနိုင်သည်။ ထို့ကြောင့် အစာစားရာတွင် ချိင့်ချိန်၍ ရွေးချယ်စားသုံးတတ်ရန် လိုပေမည်။
အစားအစာကို စီးပွားရေးရှုထောင့်မှ လေ့လာပါက  ရှေးဦးပိုင်းတွင် အစာကို ကုန်ကြမ်းအဖြစ် ရောင်းဝယ်ကြပြီး နောက်ပိုင်းတွင် အဆင့်ဆင့်ပြုပြင်စီရင်ပြီး ကုန်ချောအဖြစ် ရောင်းဝယ်လာကြသည်။ အစာကုန်ကြမ်းများကို လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံများ၊ မွေးမြူရေးခြံများ၊ မြစ်ချောင်းအင်းအိုင်၊ ပင်လယ်သမုဒ္ဒရာများမှ ရယူကြရသည်။ ထိုမှတစ်ဆင့်ဈေးကွက်ထဲသို့ တင်ပို့ရောင်းချသည်။ ဈေးထဲ မှအစာသည် ကုန်ကြမ်းအဖြစ် ကျွန်ုပ်တို့ထံရောက်လာသည်။ အချို့စီးပွားရေးသမားများသည် ထိုကုန် ကြမ်းများကိုဝယ်ယူကာ ပြုပြင်စီမံရောစပ်၍ ကုန်ချောအဖြစ်ပြန်လည်ရောင်းချကြသည်။ ထို့ကြောင့် အစာတစ်ခုသည် ကျွန်ုပ်တို့စားသုံးသော စားပွဲပေါ်သို့ရောက်ရန် အဆင့်ပေါင်းများစွာ လက်ပြောင်းမှု ရှိလေသည်။
တိုးတက်နေသော ယနေ့ခေတ်တွင် လူတို့သည် အစာချက်ပြုတ်ရန် အချိန်ကြာမြင့်စွာ မပေး နိုင်ခြင်းကြောင့် ဈေးကွက်ထဲမှ Ready Made အစာများကိုစားသုံးရန်အားသာလာခြင်းနှင့် အရောင်၊ အဆင်း၊ အနှံ့၊ အရသာနှင့် ပြည့်စုံသော အစားအစာများကိုစားသုံးလိုကြသည်။
အစားအစာကိုထုတ်လုပ်သော အချို့စီးပွားရေးသမားများသည်လည်း သဘာဝမှရသော အရောင်အဆင်းထက် ပို၍ဆွဲဆောင်မှုကောင်းသောဓာတုဆိုးဆေးအမျိုးမျိုးကို ထီထွင်အသုံးပြုလာ ခြင်း၊ သဘာဝအရသာထက် ပေးစွမ်းနိုင်သော ဟင်းခတ်အချိုမုန့်ကို အလွန်အကျွံ သုံးစွဲလာခြင်းသည် ကျွန်ုပ်တို့၏ ကျန်းမာရေးကို တစ်စတစ်စ ရောဂါဘယဖြစ်ပွားစေမည်မှာမလွဲပေ။
အစာသည် နိုင်ငံသားများ၏ ၀မ်းရေးဖြစ်သောကြောင့် နိုင်ငံရေးနှင့်လည်းသက်ဆိုင်ပေသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံရန် အထွက်တိုးသီးနှံစိုက်ပျိုးရေး၊ ပိုးမွားနှင့် ရာသီဥတုခံနိုင်ရေးကိုဆောင်ရွက်ကြရသည်။ အစာထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုတွင်လည်း အစိုးရ ပါဝင်ရသည်။ အစာထုတ်လုပ်ရာတွင် မသမာသော အစာတုပြုလုပ်မှုများ၊ ကျန်းမာရေးနှင့်မညီသော အစာကိုထုတ်လုပ်ရောင်းချမှုများကို ဥပဒေများပြဋ္ဌာန်းကာ တားမြစ်ကြရသည်။ နိုင်ငံတကာမှ ၀င်လာ  သောအစာများမှ စားသုံးရန်မသင့်လျော်သောအစာများကိုလည်း အချိန်နှင့်တစ်ပြေးညီ တားမြစ်ကြ ရသည်။
ထို့ကြောင့် ကျွန်ုပ်တို့စားသုံးသော အစာသည် ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် အကျိုးရှိစေသော အာဟာရမျိုးကို ရွေးချယ်စားသုံးတတ်ရန် လွန်စွာအရေးပါပေသည်။ အထူးသဖြင့်  စီးပွားဖြစ် ထုတ် လုပ်သော Ready Made အစာထက် သဘာဝမှ တိုက်ရိုက်ရသော အစာများကို တတ်နိုင်သမျှ ရွေးချယ်စားသုံးတတ်ရန် လွန်စွာအရေးကြီးပေသည်။ သို့မှသာ နိုင်ငံသားများ သက်ရှည်ကျန်းမာပြီး မိမိ၏ခန္ဓာဝန်၊ မိမိ၏မိသားစုဝန်နှင့် မိမိ၏တိုင်းပြည်တာဝန်များကို ကောင်းစွာထမ်းဆောင်နိုင်မည် ဖြစ်သည်။

ကိုးကားချက်။ ။ အစာအာဟာရသပ္ပံ (ဦးတိုင်းအုပ်)
နင်ခမ်းကောင်
ခွန်ဖြားဗွာခမ်း


ပညာ;ရေ,ခရာ; လိတ်နို,ဆော;တမာ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၆) ရက်

ပညာ;ရေ,ခရာ; လိတ်နို,ဆော;တမာ


PNO Media

Wednesday, May 25, 2016

ချမ်းသာလိုသူ နည်းလမ်းယူ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၆) ရက်


 လူ့ဘုံလောက လူ့ဘ၀ကို ရောက်လာကြသော လူသားတို့သည် ဆင်းရဲခြင်းကိုမလိုလားပဲ ချမ်းသာခြင်းကိုသာ တောင့်တရှာဖွေကြလေသည်။ လူ့လောကတွင် ချမ်းသာခြင်းဟုဆိုရာဝယ်  ကိုယ်၏ချမ်းသာခြင်းနှင့် စိတ်၏ချမ်းသာခြင်းဟူ၍ နှစ်မျိုးရှိလေသည်။ အဘယ်ချမ်းသာခြင်းကို ချမ်းသာခြင်းအစစ်ဆိုရာတွင် “စိတ်ထောင်းတော့ ကိုယ်ကြေ စိတ်ပျိုတော့ကိုယ်နု” ဟူသောစကားပုံကို လူတိုင်းကြားသိပြီးသည့် အတိုင်း လူတိုင်းစိတ်ချမ်းသာမှုရှိရန် အလွန်ပင်အရေးကြီးကြောင်းကို မှတ်သားခဲ့ရဖူးလေသည်။ စိတ်ချမ်းသာခြင်းသည် မည်မျှအထိ အရေကြီးသနည်းဟုဆိုရလျှင် စိတ်နှင့်ခန္ဓာသည် ရေခွက်နှင့်ရေဥပမာကဲ့သို့ပင်ဖြစ်သည်။
လူတိုင်းလူတိုင်းသည် စိတ်ချမ်းသာခြင်းကို အလေးမထားပဲ ကိုယ်ချမ်းသာခြင်းကိုသာ အရေးထားကြ လေသောကြောင့်  ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဥစ္စာရတနာတွေ ချမ်းသာကြွယ်ဝကြသော်လည်း လိုတိုင်းမရတောင့်တတိုင်းမလာပဲ လူ့လောကကြီးမှာ အရှုံးပွဲကြီးနှင့် ဘ၀ရှုံးရသူတွေ များစွာရှိလေသည်။ ထို့ကြောင့် မိမိတို့လူ့ဘ၀ရရှိစဉ်မှာ ရုပ်ပိုင်းဆိုင်ရာ ကြီးပွားချမ်းသာခြင်းသည် အရေးကြီးသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းသည်လည်း အလွန်ပင်အရေးကြီးကြောင်းကို နားလည်ထားရပေမည်။ စိတ်၏ချမ်းသာခြင်းကို လိုလားတောင့်တလိုသူသည် မိမိနှင့်သက်ဆိုင်တဲ့ ဘာသာရေးတရားများကို လေ့လာလိုက်စားခြင်းဖြင့်လည်းကောင်း လောကကောင်းကျိုးများနှင့် ပရဟိတလုပ်ငန်းများကို စေတနာသဒ္ဓါတရား ထက်သန်စွာဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ မိမိကိုယ်ကိုကောင်းရာကောင်းကြောင်း စာပေ၊ ဗဟုသုတများကို လေ့လာလိုက်စားခြင်းဖြင့်လည်းကောင်း စိတ်၏ချမ်းသာခြင်းကိုရယူနိုင်မည်ဖြစ်သည်။
ကိုယ်၏ချမ်းသာခြင်းသည် စိတ်၏ချမ်းသာခြင်းကဲ့သို့ ခက်ခဲသည့်အရာမဟုတ်ပေ။ လူတိုင်းတွင် ချမ်းသာဖို့ရန်အခွင့်အရေး၊ အခွင့်အလမ်းများစွာရှိလေသည်။ ဖြစ်ချင်သည့် ဆန္ဒရရှိရန်သာလိုအပ်သည် အောင်မြင်ချမ်းသာလိုသူသည် ကံအား၊ ဥာဏ်အား၊ ၀ီရိယအား သာမက ချမ်းသာဖို့နည်းလမ်းများနှင့် အထွေထွေဗဟုသုတများကို လေ့လာဆည်းပူးပြီး ဆရာကောင်း မိတ်ဆွေကောင်းရှိရန် အလွန်ပင်လိုအပ်ပါသည်၊ စာရေးသူအနေဖြင့် လူသားတို့ချမ်းသာဖို့ရန် တွေ့ရှိထားသည့် နည်းလမ်းကောင်းများတွေကို စာရှုသူများ လေ့လာသိရှိနိုင်ရန် တင်ပြရလျှင် ချမ်းသာလိုသူတိုင်း လုပ်ရမည့်အရေးကြီးဆုံး လုပ်ငန်းတစ်ခုသည် ဆုံးဖြတ်ချက်ခိုင်မာပြတ်သားရန် လိုအပ်ပါသည်။ ထိုသို့ ဆုံးဖြတ်ချက်ခိုင်မာလျှင် “ငါရှာဖွေလို့ရသမျှ ၀င်ငွေရဲ့အစိတ်အပိုင်းတစ်ခုဟာ ငါ့ရဲ့စုငွေဟုသန္နိဌာန်ချရမည်“ ဖြစ်သည်။
အောင်မြင်မှုရလိုသူတိုင်း လိုက်နာကျင့်သုံးရမည့် ဥပဒေသ(၅)ရပ်မှာ
၁။ မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံကို မိသားစုအနာဂါတ်အတွက် သိမ်းဆည်းထားနိုင်သူသည် စီးပွားဥစ္စာများ တိုးပွားလာမြဲဖြစ်သည်။
၂။ စီးပွားဥစ္စာဟူသည် သူ့ကိုအကျိုးရှိအောင်ခိုင်းစေတတ်သူ လက်တွင်းသာကြိုးစားလုပ်ကိုင်ပေးပြီး အဆများစွာတိုးပွားလာစေသည့် သဘောရှိသည်။
၃။ စီးပွားဥစ္စာဟူသည်ကျွမ်းကျင်သူတို့၏ အကူအညီကိုယူ၍ ၎င်းတို့၏ အကြံဥာဏ်အတိုင်းဂရုတစိုက် ရင်းနှီးလုပ်ကိုင်သူထံတွင်၌သာ မှီကပ်နေတတ်သည်။
၎။ စီးပွားဥစ္စာဟူသည် ကိုယ်တိုင်လည်း မကျွမ်းကျင်၊ ကျွမ်းကျင်တဲ့ သူတို့ကိုလည်း အားမပေးသောသူထံတွင် လျှော့ကျပျောက်ကွယ်သွားစမြဲဖြစ်သည်။
၅။ စီးပွားဥစ္စာဟူသည် လွန်ကဲစွာ အမြတ်ရလိုသူများ၊ လူလိမ်လူညာစကား နားယောင်တတ်သူများ၊ အတွေ့အကြုံနည်းပါးစွာ မဆင်မခြင် ရင်းနှီးလုပ်ကိုင်သူတို့ထံမှ ရှောင်ခွါသွားစမြဲဖြစ်သည်။
အထက်ပါ ဥပဒေသကို သေချာကျနစွာစဉ်းစားပြီး လိုက်နာကျင့်သုံးပါက အောင်မြင်မှု ချမ်းသာရရှိနိုင်မည် ဖြစ်သည်။
အောင်မြင်လိုသောသူတိုင်း လိုက်နာရမည့် နောက်ထပ်နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အိပ်ထဲကို ၀င်လာသည့် ပိုက်ဆံ ၁၀ ပြားမှ ၉ ပြားကိုသာသုံးပါ။
၂။ အသုံးစရိတ်များကို စနစ်တကျထိန်းချုပ်ပါ။
၃။ ရရှိပိုင်ဆိုင်ထားသမျှကို တိုးပွားအောင်ပြုလုပ်ပါ။
၎။ မိမိ၏ စည်းစိမ်ဥစ္စာကို မဆုံးရှုံးစေရန် ကာကွယ်စောင့်ရှောက်ပါ။
၅။ အကျိုးအမြတ်အတွက် စိတ်ချရသော ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါ။
၆။ မိမိ၏ပုံမှန်ဝင်ငွေကို အနာဂတ်အတွက် အာမခံချက်အပြည့်အ၀ရှိအောင် ကြိုးစားပါ။
၇။ မိမိ၏လုပ်ရည်ကိုင်ရည်ကို အစွမ်းကုန်မြှင့်တင်ပြီး ၀င်ငွေကို ရှာဖွေပါ။
ဒီနည်းလမ်းများကို စာဖတ်သူမိတ်ဆွေများအနေဖြင့် ကိုယ့်အတွက် ကိစ္စတစ်ခုခုပြီင်္းမြောက်ဖို့ဆိုရင် ပြင်းထန်သည့် လိုအင်ဆန္ဒရှိရမည်။ ၎င်းသည် ပထမဦးဆုံး အရေးကြီးသောအချက်ပင်ဖြစ်သည်။ လူတစ်ယောက်သည် လူအများကြားတွင် အောင်မြင်သူ ဂုဏ်သိက္ခာရှိသူတစ်ဦးအဖြစ် သူ့ဘ၀အမြဲရပ်တည်နေနိုင်ရန် အရေးကြီးသည့်အချက်မှာမိမိကိုယ်ကို လေးစားဖို့ပင်ဖြစ်သည်။ အောင်မြင်ချမ်းသာလိုသောသူသည် လူတိုင်းချမ်းသာနိုင်သော အခွင့်အလမ်းများနှင့် နည်းလမ်းကောင်းများ များစွာရှိနေသည်ကို လက်မလွှတ်ကြစေရန်အတွက် အထက်ပါအခွင့်အလမ်းများအား မိမိကိုယ်တိုင်ရယူပြီး အမိအရအသုံးချကာ လူ့ဘုံလောက လူ့ဘ၀တွင် ကြွယ်ဝချမ်းသာအောင် အားထုတ်ကြိုးပမ်းကြပါဟု ရေးသားတင်ပြရင်း အဆုံးသတ်လိုက်ရပါသည်။

ကျမ်းကိုး။ ။ ဘေဘီလုံမှ အချမ်းသာဆုံးလူ။

ခွန်အောင်ထွိုက်ဗွေ



Tuesday, May 24, 2016

ပအိုဝ်းဒေသရှိ ကျောင်းသားမိဘများ၏ သားသမီးပညာရေး အားပေးမှုတွင် မှန်ကန်သည့်နည်းလမ်းများလိုအပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၅) ရက်




ပအိုဝ်းလူမျိုးများသည် မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးများတွင် နေထိုင်ကြပြီး အများဆုံးနေထိုင်သည်မှာ ရှမ်းပြည်နယ်ဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် ကျန်ဒေသများတွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများနှင့် အခြေအနေများ များစွာကွာခြားခဲ့ပါသည်။
ရှမ်းပြည်နယ်ရှိ စနစ်ဆိုးတစ်ခုဖြစ်သည့် ပဒေသရာဇ်စနစ်သည် ပြည်သူလူထုများအပေါ် ရက်စက်ကြမ်းကြုတ်စွာ နည်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့ပါသည်။ ပဒေသရာဇ်စော်ဘွားများ၏ ဆွေမျိုးများသည် စာသင်ကျောင်းများတွင် ပညာသင်ယူခွင့်ရရှိခဲ့သည်။ သို့သော် ပြည်သူလူထုများသည် ပညာသင်ယူခွင့်မရရှိခဲ့ပေ။ ပအိုဝ်းလူမျိုးများထဲမှ ယောကျာ်းလေးများသည် ပညာသင်ယူနိုင်ရန်အတွက် သာသနာ့ဘောင်ဝင်ရောက်ပြီး ပညာရေးကို ဘုန်းကြီးကျောင်းများတွင် သင်ယူခဲ့ကြရသည်။ သင်ကြားသင်ယူမှုများတွင် လွတ်လပ်စွာ သင်ကြားသင်ယူခွင့်မရရှိဘဲ စော်ဘွားများ၏ ကန့်သတ်ချက်များဖြင့်သာ သင်ကြားသင်ယူခွင့်ရရှိခဲ့သည်။ ထိုကန့်သတ်ချက်များကို ကျော်လွန်ပြီးသင်ကြားပေးပါက စော်ဘွားများမှ သင်ကြားပေးသည့်ပုဂ္ဂိုလ်များကို နယ်နှင်ဒဏ်ပေးခြင်း၊ သင်ကြားသည့်ဘုန်းကြီးကျောင်းကိုလည်း စာပေသင်ကြားခွင့် ပိတ်ပင်ခဲ့ခြင်းကို သမိုင်းစာပေအရ လေ့လာသိရှိခဲ့ရပါသည်။ တစ်ချို့သောပအိုဝ်းလူမျိုးများသည် ရန်ကုန်၊ မန္တလေးနှင့် အခြားမြေပြန့်ဒေသတွင်ရှိသည့် ဘုန်းကြီးကျောင်းများတွင် သွားရောက်၍ ပညာကိုသင်ယူခဲ့ရသည်။ ထို့ကြောင့်မိမိတို့၏သားသမီးများကို ပညာသင်ယူနိုင်ရန် မြေပြန့်ဒေသများသို့ပို့ဆောင်ခဲ့ကြသည်။ ပဒေသရာဇ်စော်ဘွားများ အာဏာစွန့်ပြီးသော်လည်း ဒေသတွင်း၌ ပညာရေးသင်ယူလေ့လာရန် အဆင်ပြေမှုမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စာသင်ကျောင်းများမရှိခြင်း၊ ကျောင်းဆရာ/မလုံလောက်မှုမရှိခြင်း တို့ကြောင့်ဖြစ်သည်။
၂၀၁၆-၂၀၁၇ပညာသင်နှစ်အတွက် မကြာမီကာလတွင် စာသင်ကျောင်းများ စတင်ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ မိမိတို့ပအိုဝ်းလူမျိုးများက မိမိတို့၏သားသမီးပညာရေးအတွက် များသောအားဖြင့် မြေပြန့်ဒေသများသို့ ပို့ဆောင်ကြတော့မည်ဖြစ်သည်။ ထိုသို့ပို့ဆောင်ရာတွင် ယောကျာ်းလေးများသာမက မိန်းကလေးများကိုလည်းပို့ဆောင်ကြပါသည်။ ဘော်ဒါဆောင်များမဟုတ်ဘဲ သူများအိမ်တွင် ပို့ဆောင်နေကြသည်အတွက် ကံကောင်းသည့်ကလေးများသည် အိမ်ရှင်ကောင်းများနှင့်တွေ့ဆုံပြီး လွတ်လပ်စွာပညာရေးကို သင်ယူခွင့်ရရှိသော်လည်း ကံမကောင်းသည့် ကလေးများသည် ကံမကောင်းစွာပင် ပညာသင်ယူခွင့်မရရှိဘဲ အိမ်ဖော်အနေဖြင့်သာ နေထိုင်ခဲ့ကြရသည်ကို တွေ့ရှိနေရပါသည်။ ငယ်ရွယ်ချိန်ဖြစ်နေသည့်အတွက် မိခင်ဘာသာစကားသာ နားလည်ပြီး ဘာသာစကားအခက်အခဲများနှင့်လည်း ကြုံတွေ့နေရပါသည်။ တစ်ချို့သောကလေးများသည် မြေပြန့်ဒေသတွင်နေထိုင်ရာ၌ ပျော်ရွင်မှု၊ အဆင်ပြေမှုများ မရှိသည့်အတွက် ပြန်လည်ထွက်ပြေးလာကြသည်။ မြေပြန့်မှတောင်ပေါ်ဒေသဇာတိမြေများသို့ ပြန်လာရန် မသိနားမလည်သောကြောင့် ကလေးပျောက်နေသည့်သတင်းများ အများဆုံးကြားရ၊ တွေ့မြင်နေရသည့်ကာလဖြစ်ပါသည်။  ၂.၅.၂၀၁၅ရက်နေ့တွင် အောင်မင်္ဂလာကားကြီးကွင်း၌ ထွက်ပြေးနေသည့်ကလေးတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင်ရှိသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးမှ ရုံးဝန်ထမ်းတစ်ဦးက သွားရောက်ခေါ်ဆောင်ပြီး အကြောင်းအကျိုးမေးမြန်းကာ မိဘရှိရာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ လွန်ခဲ့သည့်(၁၃.၅.၂၀၁၆)ရက်နေ့တွင်လည်း ကျေးလက်တောရွာမှ ရန်ကုန်သို့ပညာသင်ယူရန် ပို့ဆောင်မည့်ကလေးငယ်တစ်ဦး ထွက်ပြေးနေသည်ကို တောင်ကြီးမြို့၊ မြို့မဈေးတွင် တွေ့ရှိပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ တောင်ကြီးမြို့၌ ခေါ်ဆောင်ကာ မိဘရှိရာလိပ်စာရရှိအောင် ကြိုးစားရှာဖွေပြီး ပြန်လည်ပို့ဆောင်ပေးသည့် သတင်းလည်းကြားသိခဲ့ရပါသည်။
ကလေးသူငယ်များသည် ငယ်ရွယ်ချိန်တွင် မိဘနှင့်အတူနေထိုင်ပါက ဥာဏ်ရည်ဖွံ့ဖြိုးမှု ပိုမို၍ကောင်းမွန်သည်ဟု သုတေသနပြုလုပ်မှုတစ်ခုတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိခဲ့ပါသည်။ ကလေးများ၏ ပညာရေးကို အားပေးသည့်အတွက် ဂုဏ်ယူစရာဖြစ်သော်လည်း အားပေးမှုသည်မှန်ကန်မှုမရှိပါက အကျိုးရလဒ်ကောင်းရရှိရန် မလွယ်ကူလှပါ။
ယနေ့ခေတ်တွင် မိမိတို့ပအိုဝ်းဒေသများ၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ပအိုဝ်းဒေသပညာရေးစီမံချက် အကောင်အထည်ဖော်လာခြင်းကြောင့် ကျေးရွာတိုင်းနီးပါး မူလတန်းကျောင်းများရှိနေပြီးဖြစ်သည်ကို တွေ့ရှိနေရပါသည်။ အလယ်တန်းနှင့်အထက်တန်းအဆင့်အတွက် ပြီးပြည့်စုံမှုမရှိသော်လည်း အဆင်ပြေစွာ လေ့လာသင်ယူနိုင်သည့် အခြေအနေတစ်ရပ်သို့ရောက်ရှိနေပြီဟု မြင်မိပါသည်။ စာသင်ကျောင်းများ အဆင့်အတန်းကွာဟမှုများကြောင့်ဟုဆိုပါက မိမိအနေဖြင့်လည်း ငြင်းဆိုမည်မဟုတ်ပေ။ ငယ်ရွာချိန်မူလတန်းအရွယ်တွင် မိမိတို့ဒေသတွင်း၌ ပညာသင်ယူလေ့လာပါက မိမိတို့ပအိုဝ်းဒေသ၏ ဘာသာစကားများကိုလည်း ပြောဆိုသုံးနှုန်းနိုင်မည်ဖြစ်သကဲ့သို့ မိမိတို့ပအိုဝ်းလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း သိရှိနားလည်လာမည်ဖြစ်ပါသည်။
ဒေသတွင်းရှိမိမိတို့၏ ကလေးများကို မြေပြန့်ဒေသများသို့ပို့ဆောင်နေကြပါက ဒေသတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသားဦးရေနည်းပါးလာပြီး ဒေသတွင်းစာသင်ကျောင်းများ အဆင့်အတန်းမြင့်မားလာအောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်သော်လည်းကောင်း၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရာတွင်သော်လည်းကောင်း အခွင့်အရေးများ ဆုံးရှုံးနေရပါသည်။ အဘယ်ကြောင့်ဆိုသော် စာသင်ကျောင်းအဆင့်ဆင့်တွင် သတ်မှတ်ထားသည့် ကျောင်းသားဦးရေရှိမှသာ အဆင့်အတန်းတိုးချဲ့နိုင်မည်ဖြစ်သည်။ အကယ်၍ သတ်မှတ်ထားသည့် ကျောင်းသားဦးရေအောက် နည်းပါးနေပါက ရေရှည်တွင် ပြန်လည်ရုပ်သိမ်းမည့် ပြဿနာများနှင့်ရင်ဆိုင်နေရမည်ဖြစ်ပါသည်။
မိမိတို့သားသမီးများ၏ပညာရေးအတွက် မြေပြန့်ဒေသများသို့ ရောက်ရှိနေခြင်းကြောင့် မှတ်ပုံတင်ကိုင်ဆောင်နိုင်ရန် ဆောင်ရွက်ရာတွင် ရောက်ရှိနေသည့်ဒေသမှ မှတ်ပုံတင်ပြုလုပ်ကြသည့်အတွက် မိမိတို့၏ လူမျိုးအမည်၊ မိဘအမည်၊ မိမိအမည်၊ မွေးသက္ကရာဇ် စသည်များကွဲလွဲမှုများရှိလာပါသည်။ ထိုသို့ကွဲလွဲမှုများကြောင့် အလုပ်အကိုင်အခွင့်အရေးများဆုံးရှုံးနေသကဲ့သို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်ပညာရပ်များကို ဆက်လက်လေ့လာရန် အထူးပြုဘာသာရပ်/တက္ကသိုလ်များ ရွေးချယ်ရာတွင်လည်း အခွင့်အရေးများ ဆုံးရှုံးနေမှုများရှိနေသည်ကို တွေ့ရှိနေကြရပါသည်။
ကလေးများပညာရေး သင်ယူလေ့လာချိန်တွင် မိဘနှင့်နီးကပ်စွာ လေ့လာသင်ယူပါက မိဘမေတ္တာများကို နွေးထွေးစွာ ရရှိနေမည်ဖြစ်သည်။ မြေပြန့်ဒေသများသို့ သွားရောက်ပညာသင်ယူနေပါက မိဘမေတ္တာများနှင့်ကင်းကွာပြီး မိဘ၊ ဇာတိရွာများနှင့် သံယောဇဉ်နည်းပါးနေကြမည်ဖြစ်သည်။ ဤသို့သံယောဇဉ်နည်းပါးနေခြင်းကြောင့် မိဘများတွေ့ဆုံလိုစိတ်နည်းပါးသကဲ့သို့ ဇာတိရွာများသို့လည်း ပြန်လည်ရောက်ရှိလိုစိတ် နည်းပါးနေမည်ဖြစ်သည်။ ထိုသို့ဖြစ်နေပါက အိမ်ထောင်ရေးမိသားစုဘ၀ တည်ထောင်ချိန်တွင် လူမျိုးခြား၊ ဘာသာခြားများနှင့် ဖူးစာဆုံတွေ့လွယ်သည့် အခြေအနေများလည်း များစွာတွေ့ရှိနေကြရပါသည်။ ထို့ကြောင့် ဒေသတွင်းကျေးရွာများတွင် ပညာတတ်လူငယ်များ အရင်းအမြစ်ဆုံးရှုံးနေရပြီး မြို့နှင့်ကျေးရွာဖွံ့ဖြိုးရေးကွာဟမှုအခြေအနေများ ပိုမို၍မြင့်မားနေမည်ဖြစ်ပါသည်။ ပညာတတ်မြောက်ပြီး  မိမိတို့ကျေးလက်ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြန်လည်အကျိုးပြုသူနည်းပါးနေမည်ဖြစ်ပါသည်။
ပညာရေးသည် ဇာတိကျေးရွာများမှအပ ကျန်ဒေသများသို့ ပညာများလေ့လာဆည်းပူးရန်လည်း လိုအပ်ပါသည်။ သို့သော်မိခင်ဘာသာစကား၊ မိခင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အခြေခံသိရှိပြီးသည့်အရွယ်မှ ဆက်လက်လေ့လာပါက ပိုမို၍ကောင်းမွန်မည်ဟု မြင်မိပါသည်။ မိမိတို့၏သားသမီးများကို အထွေထွေဗဟုသုတများရရှိရန်အတွက် စာအုပ်စာပေဖတ်ရှုသည့် အကျင့်ကောင်းရရှိအောင် ဖန်တီးပေးရန်လိုအပ်လှပါသည်။
ဤသို့ဖြင့် ပဒေသရာဇ်စနစ်ဆိုး၏ ဆိုးကျိုးသက်ရောက်မှုများသည် ယနေ့တိုင်ရှိနေကြောင်းကို သိရှိနားလည်ပြီး မိမိတို့သားသမီးများ၏ပညာရေးအားပေးမှုတွင် နည်းလမ်းမှန်ကန်စွာဖြင့် အားပေးတတ်ရန် ရည်ရွယ်၍ တင်ပြလိုက်ရပါသည်။

ခွန်သွောင်းထို 
(ခွန်ဖြားဗွာခမ်း)

အောင်မြင်မှုနှင့်လူသားတိုင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၄) ရက်


လူသားတိုင်းသည်အောင်မြင်တိုးတက်မှုကို လိုလားကြသူများဖြစ်သည်။ အောင်မြင်မှုရရှိအောင် ကြိုးစားလုပ်ဆောင်ရာတွင် ကွဲပြားခြားနားသည့် နည်းလမ်းအမျိုးမျိုးရှိပါသည်။ ဘ၀တွင် အောင်မြင်မှုရရှိရန် ကံတရားသည် ၃၀ % ရှိပြီး ကျန်ရှိသည့် ၇၀ %သည် မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှသာ ရရှိမည်ဖြစ်သည်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းသည် အောင်မြင်မှုရရှိရန်အတွက် ပထမဆုံးသော လျှို့ဝှက်ချက်ပင်ဖြစ်ပါသည်။
အခွင့်အလမ်းရသည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်ခြင်း၊ ငွေကြေးများကြိုးစားရှာဖွေကာ စုဆောင်းပြီး ရင်းနှီးမြုပ်နှံခြင်း၊ မိမိကိုယ်ကိုတိုးတက်အောင် လုပ်ဆောင်ရမည့် နည်းလမ်းများရရှိရန် အစဉ်အမြဲတွေးတော ရှာဖွေတတ်သူများသည် အောင်မြင်မှုကို ရရှိလိုသည့်ပုဂ္ဂိုလ်များဖြစ်သည်။ အခွင့်အရေးရသော်လည်း အကောင်အထည်မဖော်ခြင်း၊ ငွေကြေးအရင်းအနှီးရှိသော်လည်း ရင်းနှီးမြုပ်နှံမှု မလုပ်ခြင်း၊ မိမိကိုယ်ကိုတိုးတက်အောင် လုပ်ဆောင်ရမည့်နည်းလမ်းများရရှိအောင် ရှာဖွေမှုမပြုလုပ်ခြင်း စသည့်ပုဂ္ဂိုလ်များသည် အောင်မြင်မှုရရှိရန် အလှမ်းဝေးနေမည်ဖြစ်သည်။
ကြီးပွားချမ်းသာ အောင်မြင်လိုကြသည့်ပုဂ္ဂိုလ်တိုင်းသည် ကံ၊ ဉာဏ်၊ ၀ီရိယဆိုသည့် အချက်သုံးချက်နှင့် ညီညွတ်မှုရှိရမည်ဖြစ်သည်။ ကံဆိုသည်မှာ အလုပ်ဖြစ်သည်။ အလုပ်မလုပ်ဘဲ ထိုင်နေပါက ဘာမှထူးလာမည်မဟုတ်ပါ။ အလုပ်ဆိုသည်မှာ သူများခိုင်းမှ လုပ်ရသည့်အလုပ်၊ မိမိကိုယ်တိုင်ဦးစီးဦးဆောင်ပြီး လုပ်ရသည့်အလုပ်ရှိပါသေးသည်။ မည်သည့်အလုပ်မျိုးဖြစ်စေ မိမိလက်ရှိဘ၀ကို ပြောင်းလဲနိုင်ရန်အတွက် အလုပ်လုပ်ရမည်ဖြစ်သည်။ မိမိအလုပ်သည် မိမိဘ၀ကို ပြောင်းလဲပေးစေတတ်ပါသည်။
အလုပ်လုပ်ပြီး အလုပ်အပေါ်တွင် ဉာဏ်မပါခဲ့လျှင်လည်း အောင်မြင်မှုရရှိနိုင်ချေနည်းပါးလှပါသည်။ အလုပ်ရာတွင် အလုပ်ကသင်ပေးသွားသည်ဆိုသော်လည်း မတတ်သေးခင်တွင် ကိုယ်မွေးပြာကျသွားနိုင်ပါသည်။ ဆိုလိုသည်မှာ အလုပ်မစတင်မီကတည်းကပင် ဉာဏ်သုံးတတ်ရန်ဖြစ်ပါသည်။ မိမိသည် မည်သည့်အလုပ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်သနည်း။ မည်သည့်အလုပ်မျိုးသည် မိမိနှင့် လိုက်ဖက်သင့်တော်မည်နည်း စသည်တို့ကို မိမိအရည်အချင်းများနှင့် ပြန်ဆန်းစစ်တတ်ရန်လိုအပ်သည်။ အလုပ်လုပ်သည့်အခါတွင်လည်း မိမိလုပ်နေသည့်အလုပ်ကို အောင်မြင်ရန်မည်သို့လုပ်ဆောင်မည်နည်း စသည်ဖြင့် နည်းလမ်းများကို အမြဲရှာကြံနေတတ်ခြင်းသည် ဉာဏ်ဟု ခေါ်ပါသည်။
ဝီရိယသည် ကြိုးစားအားထုတ်မှုဖြစ်ပါသည်။ မိမိအလုပ်တွင် မိမိတိုးတက်နိုင်သည့် နည်းလမ်းများရှာနိုင်ပါသည်။ ဦးဆောင်နိုင်သည်ဆိုသော်လည်း ၀ီရိယအားနည်းနေပါက အောင်မြင်မှုကို မရရှိနိုင်ပေ။ ၀ီရိယသည် အရေးကြီးလှပါသည်။ မည်သည့်နေရာ၊ မည်သည့်အလုပ်မျိုးတွင်မဆို ၀ီရိယအားနည်းနေပါက အောင်မြင်မှုနှင့် ကင်းဝေးနေဦးမည်ဖြစ်ပါသည်။ စီးပွားရှာအလုပ်လုပ်နေသူဖြစ်စေ၊ ပညာရေးလေ့လာဆည်းပူးနေသူဖြစ်စေ ကံ၊ ဉာဏ်၊ ၀ီရိယဆိုသည့်အချက်သုံးချက်နှင့် ညီညွတ်မှသာ အောင်မြင်ကြီးပွားနိုင်မည်ဖြစ်ပါသည်။
အောင်မြင်မှုရရှိနိုင်ရန်အတွက် အလျင်လိုခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုကင်းမဲ့ခြင်း၊ အတိတ်ကို ဖက်တွယ်ထားခြင်း၊ အမှားများကိုမပြုပြင်ခြင်း၊ အနာဂတ်ကိုကြိုတင်ကြောက်ရွံ့ခြင်း၊ ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေမှုမရှိခြင်း၊ လုပ်နိုင်စွမ်းကိုအရှုံးပေးခြင်း၊ အားနည်းချက်များကို မပြုပြင်ခြင်း၊ ကံကိုယုံ၍ဆူးပုံနှင်းခြင်း၊ ရှုံးနှိမ့်မှုကိုကြိုတင်ကြောက်ရွံ့ခြင်း၊ ဖြစ်နိုင်ခြေများကို ကြိုတင်မှန်းဆမထားခြင်း၊ ရှုံးနိမ့်မည်ဟုသာ ယုံကြည်နေခြင်း၊ အလုပ်ပိခြင်း၊ မိမိပြဿနာကိုသာ အကြီးဆုံးဟု ထင်မှတ်ခြင်း၊ အခက်အခဲကြုံတွေ့သည်နှင့်နောက်ပြန်လှည့်ခြင်း၊ အမြဲလိုလိုအားငယ်နေတတ်ခြင်း စသည့်အချက်များကို ရှောင်ကြဉ်ရန် အထူးလိုအပ်လှပါသည်။
အောင်မြင်သူများသည် စိတ်ကူးအသစ်အဆန်းများကို ပြောဆိုတတ်ကြသည်။ အကြောင်းအရာအသစ်များကို အဆက်မပြတ်သင်ယူလေ့ရှိကြသည်။ တပါးသူကိုအောင်မြင်အောင် ဆွဲခေါ်တတ်ကြသည်။ ပြောင်းလဲမှုများကို လက်ခံကြိုဆိုတတ်ကြသည်။ တပါးသူအား ချီးမွမ်းပြောဆိုရာတွင်လည်း ၀န်မလေးသူများဖြစ်ကြပါသည်။ ဘ၀တွင်အောင်မြင်သည့်လူတစ်ယောက်ဖြစ်ရန် ရှုံးနိမ့်မှုကိုလည်း ခံနိုင်ရည်ရှိရမည်။ အရှုံးများထဲမှ အောင်မြင်မှုအတွက် သင်ခန်းစာများစွာပါဝင်နေသည်။ လူတစ်ယောက်၏ အောင်မြင်မှုရရှိလာချိန်တွင် အကြီးမားဆုံးသော အန္တရာယ်ဖြစ်သည့် ဘ၀မေ့ခြင်းနှင့် မာန်တက်ခြင်းတို့ကို ရှောင်ကြဉ်နိုင်ရန်လည်း အထူးလိုအပ်လှပါသည်။
ထို့ကြောင့်လူသားတိုင်းသည် ကံ၊ ဉာဏ်၊ ၀ီရိယနှင့် ပြင်းထန်သောဆန္ဒဖြင့် တိကျသောရည်မှန်းချက်တို့နှင့် ပြည့်စုံလျှင် မိမိတို့လိုရာအောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိ၊ ရရှိနိုင်မည်ဖြစ်ပါတော့သည်။

KAZW

Powered by Blogger.